Saturday, 7 November 2009

ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း

ပြစ်မှုကျူးလွန်တယ်ဆိုရုံမျှနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လို့မရဘူး။ အဲဒီလို ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ (guilty mind) နဲ့ ကျူးလွန်တာဖြစ်ရမယ်။ ဒါကို mans rea လို့ခေါ်တဲ့ လက်တင် ဥပဒေ ဆိုးရိုးစကား (legal maxims, in Latin) နဲ့ ကိုးကားပြီး အနည်းငယ် ရှင်းပြပေးပါရစေ။

အဲဒီ ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ ရှိ၊ မရှိ ဆိုတာကတော့ ပြစ်မှုမကျူးလွန်ခင်၊ ပြုဆဲ၊ ပြုပြီး၊ နောက် သူ့ရဲ့ အပြုအမူ၊ အလုပ်အကိုင် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပေးရပါတယ်။

အဲဒီလို စဉ်းစားဆုံးဖြတ်ပေးတာကိုတော့ အတ္တနောမတိ လို့ခေါ်တဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား (common sense) ကနေ စဉ်းစားဆုံးဖြတ်ပေးရမှာပါ။ အရင်က ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေ အသက်ဝင်လျက် ရှိ၊ မရှိ ဆိုတာကို စဉ်းစားဆုံးဖြတ်ရာမှာလည်း အတိတ်က အပြုအမှု၊ ပစ္စုပ္ပန်အပြုအမူနဲ့ နောင်ဖြစ်လာနိုင်မယ့် အပြုအမူတွေကို ထည့်သွင်း စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲအရေးယူခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၂၂) ဆိုတာက ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံသားတဦးဦးရဲ့ မူလအခွင့်အရေးတွေကို ကန့်သတ်တဲ့ဥပဒေ ဖြစ်နေပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၉ (စ) မှာ အရေးယူခြင်း ခံရသူသည် ကန့်သတ်ခြင်းခံရသည့် မူလအခွင့်အရေးများမှအပ အခြေခံဥပဒေပါ အခြား မူလအခွင့်အရေးများကိုမူ ခံစားခွင့်ရှိစေရမည်လို့ အတိအလင်း ပြဋ္ဌာန်းထားပြီးသားပါ။

ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်မရှိတော့ရင် အဲဒီအခြေခံဥပဒေကို မှီတည်ပြီး ထုတ်ပြန်ထားတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာလည်း အလိုလိုပယ်ဖျက်ပြီးသား ဖြစ်နေတဲ့အတွက် ခုတ်လှဲပြီး မရှိတော့တာကြာပြီဖြစ်တဲ့ သစ်ပင်ကြီးဆီက အကိုင်းကို ထင်းမီးစိုက်ဖို့နောက် ၂၁ နှစ်ကြာမှ သတိရတာနဲ့ တူနေပါတယ်။ သစ်ပင်လဲရင် အကိုင်းအခက်တွေလည်း မြေခရတာဟာ သဘာဝဓမ္မ ဥပဒေသပါ။

အကိုင်းအခက်တွေမှာ အသက်ရှိသေးတယ်လို့ ပြောချင်ရင်တော့ ပြန်စိုက်ရပါမယ်။ ဒါကြောင့် သစ်ပင်ကြီးနဲ့တူတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး မရှိတော့တဲ့အခါမှ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အကိုင်းအခက်ဖြစ်တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေလည်း မရှိတော့တာမို့ မရှိတော့တဲ့ ဥပဒေနဲ့ တရားစွဲထားဖြစ်တာကြောင့် လွှတ်ကိုလွှတ်ပေးရမယ့် အမှုဖြစ်ပါတယ်။

အောက်ရုံးခရိုင် တရားသူကြီးတွေရဲ့ မှားယွင်းဆုံးဖြတ်မှု၊ အမိန့်မလွန်ဆန်နိုင်မှုတွေကို အဆင့်မြင့် တရားရုံးတွေက ပြင်ဆင်ပေးလိုက်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း သိက္ခာရှိမယ်။ တရားစီရင်ရေးအတွက်လည်း ကောင်းမွန်တဲ့ အလားအလာကောင်းတွေ ရှိလာစေမှာ ဖြစ်ပါတယ်။

အရင်အာဏာသိမ်း အစိုးရတုန်းက အပြုအမူ၊ အခုလက်ရှိ အာဏာသိမ်းအစိုးရရဲ့ အပြုအမှုတွေနဲ့ နောင်ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ကြေညာချက်တွေအရ အရင်ပြဋ္ဌာန်းထားခဲ့ဖူးတဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ ဒီကနေ့ထက်တိုင် အသက်ဝင်လျက်မရှိဘူး ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ အခြေခံဥပဒေ ၂ ခုနဲ့ ကြုံခဲ့ပြီးပေမယ့် နောက်ထပ်တခုနဲ့ ထပ်ကြုံရဦးမယ့် အနေအထားမှာ အရင်အခြေခံဥပဒေက အခုထိ အသက်ဝင်နေပါသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ မြန်မာ့နိုင်ငံအရေးအတွက် အရေးပါဆုံး သူတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်နေရတဲ့ အခြေအနေမှာ အရင်က အခြေခံဥပဒေတွေ ဒီကနေ့ထက်တိုင် အသက်ရှိမရှိ ဆိုတဲ့ ဥပဒေ ပြဿနာကို အခုအချိန် ကာလအတွင်းမှာ အရေးတကြီး ဆွေးနွေးဖို့ လိုအပ်နေပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ လွတ်လပ်ရေးမရခင် တနှစ်အလိုမှာ လွတ်လပ်ရေး ရယူဖို့အတွက် ရေးဆွဲခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အားရ်အက်တလီ (Prime minister Earl Attlee 1945-1951) တို့ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အင်္ဂလန်က ပါလီမန် အဆောက်အအုံအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးယူမယ်ဆိုရင် ဗြိတိသျှတွေ ယုံကြည်ရမယ့် အခြေခံအုတ်မြစ်ကောင်းတွေရှိမှ လွတ်လပ်ရေးရမယ်ဆိုတာ ရှင်းနေပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီလဆန်းမှာ အင်္ဂလန်က ပြန်လာပြီးတာနဲ့ တပြိုင်နက် အဲဒီအချိန်က ဥပဒေပညာရှင်တွေဖြစ်တဲ့ ဝတ်လုံတော်ရ ဦးချန်ထွန်း၊ ဦးဘဝင်း စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကော်မတီအဖွဲ့ဟာ အိန္ဒိယကို လေ့လာရေးအဖွဲ့ စေလွှတ်ပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ် သြဂုတ်လအတွင်းမှာ အခြေခံဥပဒေ မူကြမ်းကို လွှတ်တော်ကို တင်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တဲ့အတွက် ၆ လအတွင်းမှာ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီအခြေခံဥပဒေဟာ အချိန်တိုအတွင်းမှာ ဥပဒေပညာရှင်များများစားစား မပါဝင် ဘဲရေး ဆွဲခဲ့တယ်ဆိုပေမယ့် လက်ခံရလောက်အောင် စေ့စပ်သေချာခဲ့လို့ ဗြိတိသျှပါလီမန်က ငြင်းမရခဲ့တဲ့ အခြေခံဥပဒေတခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗြိတိသျှဝန်ကြီးချုပ် အက်တလီဟာ အောက်စဖို့ဒ် ကျောင်းဆင်းဖြစ်ပြီး၊ အလုပ်သမားပါတီ (Labour Party) ခေါင်းဆောင်၊ ဝတ်လုံတော်ရရှေ့နေကြီး (Barrister) တဦး ဖြစ်တာကြောင့် သူလက်ခံခဲ့တာကို လျှော့တွက်လို့ မရပါဘူး။

ဒါပေမဲ့ ကာလဒေသ အခြေအနေအရပ်ရပ်တွေ အမြဲပြောင်းလဲနေတာကြောင့် တချို့နေရာတွေမှာ အားနည်းချက်တွေ အထိုက်အလျောက် ရှိနေခဲ့ပါတယ်။ အဲဒီအားနည်းချက်တွေကို နောက်ဆက်တွဲ ပြင်ဆင်ချက်တွေအနေနဲ့ ၁၉၄၉ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ၁၁ ကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ရပါတယ်။

အဲဒီလို ပြင်ဆင်ရင်းနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းသွားပြီးနောက်ပိုင်း အဲဒီ အခြေခံဥပဒေကို လုံးဝ မသုံးတော့ဘဲ ၁၉၇၄ ခုနှစ်မှာ နောက်ထပ် အခြေခံဥပဒေတခုကို ထပ်မံ အတည်ပြုခဲ့ပြန်ပါတယ်။


အဲဒီကြားကာလမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် အရင်ရှိခဲ့တဲ့ အခြေခံဥပဒေကို ဆက်လက်မသုံးခဲ့တော့ပါဘူး။

ဒါကြောင့် ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ထိ အရင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တာမျိုး လုံးဝ မလုပ်ခဲ့တာက သက်သေပြနေခဲ့ပါတယ်။

နောက်ထပ် အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို မပြဋ္ဌာန်းခင်ကာလ တလျှောက်လုံးမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး ၁၉၆၂ - ၁၉၇၄ ခုနှစ်အထိ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်မယ်လို့ ကြွေးကြော်နေခဲ့ပါတယ်။

အဲဒီလို ၁၂ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတောင်မှ ၁၉၇၄-၁၉၈၈ အထိ ကာလအတွင်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ (မဆလ) ဟာ အခြေခံဥပဒေကို သူ့လက်ထက်မှာ ၄ ကြိမ် ပြင်ဆင်ခဲ့ရပါသေးတယ်။ သက်သေပြနေတာကတော့ အသုံးပြုနေတဲ့ အခြေခံဥပဒေဆိုရင် ခေတ်ကာလအလျောက် ပြုပြင်စရာတွေ၊ မွမ်းမံစရာတွေဟာ ပေါ်ပေါက်လာတတ်တာ သဘာဝဆိုတာပါပဲ။

၂၁ နှစ်ကြာ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း လုံးဝ မရှိခဲ့ဘဲ စကားထဲတောင် ထည့်မပြောခဲ့တာကြောင့် မဆလ အစိုးရက ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို မျက်ကွယ်ပြု ဖျက်သိမ်းပစ်ခဲ့ပြီးဖြစ်သလို လက်ရှိအာဏာသိမ်း အစိုးရကလည်း အရင်အခြေခံဥပဒေကို အလိုလိုဖျက်သိမ်းပြီးသားဖြစ်တယ်လို့ အထက်ရုံးပညာရှိ တရားသူကြီးတွေက ကောက်ယူသုံးသပ်ခြင်းဟာ အတ္တနောမတိကိုသုံးပြီး ဆင်ခြင်တုံတရားနဲ့ ကောက်ယူသုံးသပ်ကြရမှာ ဖြစ်ပါတယ်။

အရင်အာဏာသိမ်းအစိုးရက ကြားကာလတလျောက်လုံး ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်မယ်ဆိုပြီး ကြွေးကြော်ခဲ့သလို ၁၉၈၈ အာဏာသိမ်းစစ်အစိုးရရဲ့ စီးပွားရေးဦးတည်ချက် ၄ ရပ်ကလည်း ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာကို အခုချိန်ထိ အော်နေဆဲဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈-၂ဝဝ၉ ခုနှစ်အထိ နှစ် ၂ဝ ကျော် ကာလအတွင်းမှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအကြောင်း လုံးဝ မပြောခဲ့တဲ့အပြင် ၂/၈၈ နဲ့ ၃/၈၈ ဆိုပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥပဒေလို့ ကြေညာကာ ဥပဒေပြဋ္ဌာန်းလိုက်တာဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ ပြုလုပ်ခွင့်မရှိသည်ကို ပြုလုပ်သော တရားမဝင်အဖွဲ့အစည်းဖြစ်နေသည်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။
(၂/၈၈ ဆိုတာ ဆိုရှယ်လစ် တရားစီရင်ရေးအာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပြီး၊ ၃/၈၈ ဆိုတာကတော့ ဆိုရှယ်လစ် ဥပဒေပြုရေးအာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပါတယ်။)

၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ လွှတ်တော်ကသာ အချုပ်အခြာအာဏာပိုင် ဖြစ်တယ်၊ နောက်ပြီး ဥပဒေပြုအာဏာဟာလည်း လွှတ်တော်မှာပဲ ရှိရမယ် ဆိုတာတွေကို ပြင်ဆင်ချင်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ သဘောတူညီချက်အပြင် မဲပေးခွင့်ရှိသူ ပြည်သူလူထု ထက်ဝက်ကျော် ထောက်ခံမှသာ ပြင်ဆင်ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာကို ဖောက်ဖျက်ချိုးဖောက်ခဲ့တယ် ဆိုတာ ထင်ရှားနေပါတယ်။

အသက်ဝင်နေတဲ့ အခြေခံဥပဒေက တားမြစ်ထားတာတွေကို ဂရုမစိုက်လုပ်ချင်ရာလုပ်တာဟာ နိုင်ငံသားအားလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကောင်းမြတ်မှုတွေကို ခြိမ်းခြောက်နေခြင်း ဖြစ်တာကြောင့် စစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ သဘောတူညီချက်တွေ၊ ရည်ရွယ်ချက်တွေကို ချိုးဖောက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ကြောင်း ခိုင်လုံတဲ့ အပြီးသတ် သက်သေခံချက် ဖြစ်နေပါတယ်။

ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်တဲ့ ဥပဒေနဲ့ တရားစွဲထားသူတွေကို လွှတ်ပေးမလား။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်ဝင်နေတာကြောင့် အဲဒီအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လို့ လူသားဖြစ်မှုဆန့်ကျင်တဲ့ ပြစ်မှုနဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက အရေးယူတာကို ခံမလား စောင့်ကြည့်ကြပါစို့။

မြန်မာ့တရားစီရင်ရေး စနစ်ကို မေးခွန်းထုတ်ခြင်း



တရားစီရင်ရေးမှာ အကျုံးဝင်တဲ့ တရားသူကြီးတွေ၊ ဥပဒေဝန်ထမ်းတွေ၊ ရှေ့နေရှေ့ရပ်တွေ၊ တရားစွဲဆိုသူတွေ၊ ဆွဲချတွေဟာ အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတစွာ စီရင်နိုင်ရေး (Administration of Justice) မှာ အဓိကတာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။

အဲဒီတာဝန်ရှိသူတွေဟာ မိမိတို့ရဲ့ ပေါ့လျော့မှု (Neglience)၊ လုပ်ငန်းမကျွမ်းကျင်မှု (Inefficiency)၊ မရိုးသားမှုတို့အပြင် ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဗျာပါဒ စတဲ့ အဂတိတရားလေးပါးကြောင့် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူတဦး အမှုက လွတ်မြောက်သွားခဲ့ရင် တရားမျှတမှု သားလျှောပျက်ကျခြင်း (Miscarriage of Justice) ကို ဖြစ်ပေါ်စေပါတယ်။ အပြစ်မဲ့သူတွေ ပြစ်ဒဏ်ခံနေရရင်လည်း တရားရေး သားလျှောပျက်ကျပါတယ်။ တရားစွဲဆိုတယ်ဆိုတာ ရဲစခန်းမှာ တိုင်ချက်ရေးဖွင့် တိုင်ကြားတာ၊ တရားရုံးမှာတိုင် လျှောက်လွှာတင်သွင်းတာ၊ တရားရုံးကိုယ်တိုင်က တရားလိုလုပ် အရေးယူတာရယ်လို့ ၃မျိုး ရှိပါတယ်။

တရားစွဲဆိုခြင်းရဲ့ အဓိက ရည်ရွယ်ချက်က စွပ်စွဲခံရသူအပေါ် အပြစ်ရရှိစေဖို့ သက်သက်မျှသာမဟုတ်ဘဲ၊ တရားမျှတမှု ပေါ်ပေါက်စေဖို့လည်း ရည်ရွယ်ရပါတယ်။ တရားရုံးတို့ရဲ့ စီရင်ပိုင်ခွင့်ကို တရားဥပဒေက အပ်နှင်းခဲ့လို့သာ စီရင်ပိုင်ခွင့်ရနေတာ ဖြစ်ပါတယ်။ အဲဒီဥပဒေကိုကျော်ပြီး မိမိသဘောအတိုင်း စီရင်ပိုင်ခွင့်ကို ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ အလားတူ မူလအမှုစစ်ရုံးရဲ့ စီရင်အမိန့်ချမှတ်ချက်ကို အယူခံခွင့်ဆိုတာကလည်း ဥပဒေက ဖန်တီးမှသာ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။

ဥပဒေဆိုတာ နိုင်ငံသားတိုင်း လိုက်နာကြဖို့ဆိုရင် အဲဒီနိုင်ငံသားတွေထဲမှာ ပါဝင်နေတဲ့ အုပ်ချုပ်သူနဲ့ တရားစီရင်သူတွေပါ လိုက်နာကြရမှာပါပဲ။

တရားဥပဒေတွေ ပြဋ္ဌာန်းကြရခြင်းရဲ့ မူရင်းရည်ရွယ်ချက်တွေက အပြစ်ကင်းမဲ့သူတို့ကို အကာအကွယ်ပေးဖို့နဲ့ အပြစ်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့လောက်မျှ မဟုတ်ပါ။ တရားဆွဲဆိုခံရသူများရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေမှု အပိုင်းကိုလည်း ထည့်သွင်းမစဉ်းစားရင် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ တရားစီရင်ရေးစနစ် ဖြစ်သွားမှာပေါ့။

တရားစီရင်ရာမှာ အမှန်ကိုဆုံးဖြတ်ပေးရုံနဲ့ မပြီးပါဘူး။ အမှန်ဆုံးဖြတ်ကြောင်းကို အများပြည်သူ မြင်စေရာသည်ဆိုတဲ့ ယခင်တရားစီရင်ထုံး (Ruling) တွေအတိုင်း အများပြည်သူမြင်သာအောင် ဆုံးဖြတ်လုပ်ဆောင်ပေးရမှာ ပါမယ်။

တရားစီရင်ထုံးတွေ ပေါ်ပေါက်လာတာဟာ ရှေ့နေနဲ့ ပညာရှိတရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ လုံ့လတွေကြောင့်ဖြစ်တယ်။ ဒါတွေကို နောင်လာနောင်သား တရားသူကြီးတွေက ဆက်လက် လိုက်နာကျင့်သုံးကြရတာကြောင့် တရားသူကြီးက ဥပဒေပြုတာ (Judge made law) လို့တောင် တင်စားပြောဆိုနေကြရပါတယ်။

အဲဒီ့ ဥပဒေစနစ်အတိုင်း လက်ခံကျင့်သုံးနေတဲ့ မြန်မာပြည်မှာ ရှိရင်းစွဲ စီရင်ထုံးတွေကို ကြပ်မတ်ထိန်းသိမ်းဖို့နဲ့၊ မလိုလားအပ်တဲ့ တရားလက်လွတ် စီရင်ထုံးအသစ်တွေ ပေါ်ထွက်မလာစေဖို့အတွက် လက်ရှိအမြင့်ဆုံး တရားရုံးမှာ အများကြီး တာဝန်ရှိပါတယ်။

တရားရုံးပြင်ပ တကယ့်အခြေအနေမှာ တကမ္ဘာလုံးသိကြပြီးတဲ့အတိုင်း အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူ အမေရိကန်နိုင်ငံသား ယတ်တောကိုတော့ လွတ်မြောက်စေပြီး၊ မပြီးပြတ်သေးတဲ့ မူလအမှုနဲ့ ကျန်တဲ့သူတွေက အယူခံဆက်လက်ဝင်ရောက်နေရတယ်။ ဒီဖြစ်ရပ်ဟာ တရားရေးစနစ်အတွက် အဓိပ္ပာယ်မဲ့ပြီး၊ တရားရုံးတွေကို ဂုဏ်သိက္ခာ လုံးဝညှိုးနွမ်းစေပါတယ်။

မူရင်း ပြစ်မှုကျုးလွန်သူကို လွတ်မြောက်စေပြီးနောက်မှ၊ ပြည်တွင်းက အပြစ်မဲ့သူတွေကို ပြစ်ဒဏ်ကိုထပ်ပြီး အတည်ပြုဦးမယ်ဆိုရင်၊ နောင်တချိန်မှာ ဒီလိုဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးကို အသုံးပြုပြီး နိုင်ငံတော်အကြီးအကဲတွေနဲ့ နီးစပ်သူတွေက လူသတ်ချင်တိုင်းသတ်မယ်။ ပြီးရင် အခုအမှုစီရင်ထုံးကို အသုံးပြုပြီး လွတ်မြောက်သွားကြဦးမယ်။ မလွတ်မြောက်ခင်မှာ သူမကျေနပ်တဲ့သူ တယောက်ကိုပါ သူလည်းပါတယ်ဆိုပြီး ပူးတွဲတရားခံဖြစ်အောင် လက်ညှိုးထိုး ဒုက္ခပေးခဲ့မယ်။

ဒါကြောင့် အခုလို မိုက်မဲတဲ့ တရားရုံးဆုံးဖြတ်ချက်က ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တွေ အထပ်ထပ် ပေါ်ထွက်လာအောင် နိုင်ငံအတွင်း လှုံ့ဆော်ပေးသူအဖြစ်နဲ့ တရားစီရင်ရေး သမိုင်းတရားခံ ဖြစ်သွားနိုင်ပါတယ်။

အမှုတခုကို စီရင်ဆုံးဖြတ်တဲ့နေရာမှာ တရားသူကြီးတွေဟာ ကိုယ်တိုင်ပြင်ပ အသိနဲ့ မဆုံးဖြတ်ရဘူး၊ ရုံးရှေ့သက်သေခံချက်တွေအတိုင်းသာ ဆုံးဖြတ်ရမယ်ဆိုပေမယ့် စက်ယန္တရားလည်ပတ်သလို၊ သိပ္ပံပုံသေနည်းတွေလို တရားသေ၊ လှေနံဓားထစ် လုပ်ဆောင်ရမှာ မဟုတ်ပါဘူး။ ဆင်ခြင်တုံတရားကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးရမှာ ဖြစ်ပါတယ်။

အမြင့်ဆုံး တရားရုံးမှာ အယူခံမှု၊ ပြင်ဆင်မှုတွေရောက်တဲ့အထိ အပြစ်ကင်းသူလို့ ကနဦးကပင် မှတ်ယူရမယ်ဆိုတဲ့ ဥပဒေသဘောတရားကိုလည်း တရားသူကြီးတွေ မေ့နေကြပြီလို့ မထင်ပါဘူး။

အောက်ရုံးတရားသူကြီးတွေရဲ့ အသိဥာဏ်နုံနဲမှုကို အထက်အဆင့်မြင့်တရားရုံးများက ရွှေစစ်လျှင် ငရဲမီး အစားခံနိုင်သကဲ့သို့ (Acid test) အစမ်းသပ်ခံနိုင်တဲ့အမိန့်တွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးရမှာပါ။

ဥပဒေအတိုင်း စီရင်ဆုံးဖြတ်မယ်ဆိုရင်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၁) အရ လွတ်လပ်သော ဆိုရှယ်လစ် နိုင်ငံတော်ကပဲ အချုပ်အခြာ အာဏာပိုင်ဖြစ်တာကြောင့်မို့ အဲဒီဥပဒေနဲ့ အရေးယူခဲ့တယ်။ ဒါပေမဲ့ တရားသူကြီးမင်းများအပါအဝင် ဒီကနေ့ ပြည်သူလူထုဟာ ဆိုရှယ်လစ် အချုပ်အခြာအာဏာပိုင် မဟုတ်တော့ပါဘဲနဲ့ ၁၉၇၄ အခြေခံ ဥပဒေ အသက်ဝင်နေသေးတယ်ဆိုပြီး ယူသုံးတာဟာ အများရယ်စရာပါ။

၂ဝဝ၈ အခြေခံဥပဒေရယ်လို့ တဖက်သတ်ပြဋ္ဌာန်းပြီး၊ ၁၉၇၄ အခြေခံဥပဒေကိုယူသုံး တရားစီရင်ခြင်းအားဖြင့် ပထမဦးဆုံးအချိန်တိုတိုအတွင်း အခြေခံဥပဒေသစ်ကို ချိုးဖောက်ပြသူများကတော့ ယနေ့အာဏာပိုင်များနဲ့ တရားသူကြီးမင်းများပါပဲ။

ပိုဆိုးတာက တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာကို ဖျက်သိမ်းပစ်ခဲ့တာဟာ အဲဒီ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၉၄ (က) မှာ ပြဋ္ဌာန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ၇၅ ရာခိုင်နှုန်းက ထောက်ခံပြီးနောက် မဲပေးခွင့်ရှိသူ ၅ဝ ရာခိုင်နှုန်းကျော်ရဲ့ ပြည်သူ့ဆန္ဒခံယူကာ၊ အဲဒီထောက်ခံမှုရမှ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို မလေးစားမလိုက်နာခဲ့ကြတာပါ။

၂ဝဝ၈ ခုနှစ်မှာ ရေးဆွဲပြီးဆုံးခဲ့ပြီဆိုတဲ့ အခြေခံဥပဒေကိုလည်း နောင်တချိန်မှာ သူတို့လို ဥပဒေကို မလေးစားတဲ့သူတွေက အာဏာသိမ်းပြီး ကြိုက်တာလုပ်လို့ရအောင် လမ်းပြပေးနေသလိုပါပဲ။ ဒါဟာ နောင်လာမယ့် အနာဂတ်အစိုးရတွေကို အာမခံချက်မရှိတော့ဘူးဆိုတာ သက်သေပြတဲ့ စီရင်ထုံးတခုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်သွားနိုင်ပါတယ်။

ဒီကနေ့ မြန်မာ့တရားစီရင်ရေးစနစ်မှာ ပျက်ကျမှုတွေ အခါခါ မြင်တွေ့နေကြရပါတယ်။ တရားရေးစနစ် ပြိုပျက်သားလျှောမှုက တတိုင်းပြည်လုံး ကတိမ်းကပါးနဲ့ ငါးပါးမှောက် ကုန်စေပါမယ်။

ဒါကြောင့် ရိုးသားမှု၊ တော်တည့်ဖြောင့်မတ်မှု (honesty and integrity) တို့ကို အခြေခံပြီး အများအကျိုးအတွက် အနစ်နာခံကာ တရားမျှတမှုကို ဖော်ဆောင်ပေးတဲ့ စီရင်ဆုံးဖြတ်ချက်မျိုး ချမှတ်ခြင်းဖြင့် ပြည်သူတို့ရဲ့ ကြည်ညိုလေးစားခြင်းကို တရားသူကြီးမင်းတို့ ရယူနိုင်ပါစေ။

Thursday, 5 November 2009

အယူခံကို မိုးအဆုံး မြေအဆုံး လိုက်ကြစို့



အယူခံဝင်တယ်လို့ ပြောလိုက်တာနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက ဒါဟာ ရန်သူ့ဆီမှာ အညံ့ခံတာပဲလို့ ထင်မြင်တတ်ကြပါတယ်။

ဘာကြောင့် ဒီလိုအယူအဆတွေ ပေါ်ပေါက်လာခဲ့ရသလဲဆိုရင် နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီး ထားခံခဲ့ရသူတွေကို စစ်ကြောရေးမှာ လနဲ့ချီပြီး (တချို့ နှစ်နဲ့ ချီပါတယ်၊) စစ်ဆေးမေးမြန်းတာ ခံခဲ့ကြရပါတယ်။

အဲဒီလိုနှိပ်စက်ညှဉ်းပမ်းပြီး ရရှိလာတဲ့ စစ်ကြောရေးထွက်ချက် တခုတည်းနဲ့ စစ်ခုံရုံး၊ အထူးခုံရုံးဆိုပြီး အကျဉ်းထောင်အတွင်းမှာ စစ်ဆေးချင်ယောင်ဆောင်တဲ့ တရားရုံးတွေမှာသာ တရားစီရင်တာ ကြုံခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အဲဒီလို စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး၊ စစ်မေးထားချက်တွေကို စွဲကိုင်ကာ စစ်ယူနီဖောင်းဝတ်ထားတဲ့ တရားသူကြီးဆိုသူတွေရှေ့မှာ ဝန်ခံခိုင်းခဲ့ပါတယ်။ ဘယ်သူမှ အဲဒီတရားသူကြီးတွေရှေ့မှာ ဝန်မခံကြပါဘူး။ ဒီတော့မှ အမှုစစ်အရာရှိဆိုသူတွေက ချော့မြှူကာ၊ ဝန်ခံလိုက်ရင် လျှော့ပေးမယ်ဆိုပြီး မြှူဆွယ်စွဲဆောင်ခဲ့ကြပါတယ်။ စစ်ကြောရေးမှာတုန်းက ရက်ရက်စက်စက် လုပ်ခဲ့သူတွေဟာ အခုတရားရုံးရှေ့မှာမှ သဘောကောင်းပြနေတာကိုက မရိုးသားမှန်း သိသာနေတဲ့အတွက် ဘယ်သူမှ ဝန်မခံကြပါဘူး။

ဒါကြောင့် ဘာမှစစ်ဆေးမေးမြန်းမနေဘဲ အမိန့်ချချင်သလို ချလိုက်ပြီး၊ နောက်တနေ့မှ ထောင်ဝန်ထမ်းတွေတဆင့် အယူခံဝင်မလားလို့ လာမေးခိုင်းတာမျိုးတွေနဲ့သာ ကြုံဆုံဖူးခဲ့ရတာ များပါတယ်။

တရားရုံးရှေ့မှာ အမှုတောင် အစအဆုံး တခါမှမစစ်ခဲ့ဘဲနဲ့ အယူခံဝင်မလားလို့ လာပြီး သဘောကောင်းပြနေတာဟာ အညံ့ခံခိုင်းတာ သက်သက်ဖြစ်တယ်လို့ အားလုံးက ယုံကြည်နေခဲ့ကြပါတယ်။

ပိုဆိုးတာက လွတ်လပ်တဲ့ရှေ့နေ ငှားရမ်းခုခံခွင့်လည်းမရတော့ မူလအမှုမှာ ဥပဒေနဲ့မညီ ပြုမူထားတာတွေကို ထောက်ပြခုခံမှု မပြုနိုင်ခဲ့တာကြောင့် အယူခံဝင်နေလည်း နိုင်ဖို့ရာ အကြောင်းမရှိနိုင်ဘူးပေါ့။

တကယ်တော့ စစ်ကြောရေးတွေမှာ ခြိမ်းခြောက်တာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ဖြားယောင်းတာတွေကြောင့် ထွက်ဆိုခဲ့ရတာတွေဟာ တရားရုံးမှာ သက်သေခံမဖြစ်ပါဘူး။ အဲဒီထွက်ချက်တွေပေါ် အခြေခံပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာတွေဟာ ဥပဒေနဲ့ လုံးဝမညီကြောင်းကို ခုခံချေပခွင့်လည်း ဘယ်သူမှ မရခဲ့ကြပါဘူး။

အမှန်တကယ်ကတော့ အယူခံမှုဆိုတာ ဒုတိယစစ်ဆေးစီရင်ခြင်း မဟုတ်ဘဲ၊ မူလအမှုကို ဆက်လက်ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။

အယူခံဆိုတာ အဆင့်နိမ့်တရားရုံး တရုံးရုံးက ချမှတ်ထားတဲ့ အမိန့်တစုံတရာဟာ တရားဥပဒေနဲ့ မညီတဲ့အကြောင်း အဆင့်မြင့်တရားရုံးကို အရေးဆိုလွှာ တင်သွင်းခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် မာရီယမ်အွန်လိုင်း အဘိဓာန်ဖြစ်တဲ့ Merriam-Webster Dictionary မှာတော့ (a legal proceeding by which a case is brought before a higher court for review of the decision of a lower court.) အောက်အဆင့်နိမ့်ရုံးက ဆုံးဖြတ်ချက်တွေကို အဆင့်မြင့်ရုံးရှေ့မှာ ပြန်လည်ကြားနာသုံးသပ်ပေးဖို့ အမှုခေါ်ထားတဲ့ တရားစီရင် နေတဲ့အဆင့်ကို အယူခံအမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

အယူခံမှုမှာ ဥပဒေပြဿနာ (Law issue) အပြင်၊ အကြောင်းခြင်းရာပြဿနာ (Fact issue) တွေကိုပါ ထောက်ပြပြီး အယူခံအကြောင်းပြချက်တွေကို ခိုင်မာအောင် သက်သေပြရမှာ ဖြစ်ပါတယ်။

မူလရုံးရဲ့ ကောက်ယူသုံးသပ်ချက်တွေဟာ ဥပဒေအရ မှားယွင်းနေကြောင်းကို အကိုးအကားစုံလင်စွာနဲ့ တင်ပြရမယ့်တာဝန်ဟာ အယူခံတရားလိုမှာ တာဝန်ရှိပါတယ်။

အယူခံအမူမှာ အယူခံတင်သွင်းသူက တရားလိုဖြစ်သွားပြီး မူလရုံးတရားလိုက အယူခံတရားခံ ပြန်ဖြစ်သွားပါတယ်။

အယူခံအခွင့်အရေးဟာ နိုင်ငံတိုင်းလိုလိုမှာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပြဋ္ဌာန်းပေးထားတဲ့ နိုင်ငံသားတိုင်းရတဲ့ မွေးရာပါအခွင့်အရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးရပြီးကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်ခဲ့လို့ အယူခံအခွင့်အရေးဆိုတာ အခြေခံဥပဒေကပေးတဲ့ အခွင့်အရေး ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁ဝ၁ (ဆ) မှာ အမှုများမှာ ခုခံချေပခွင့်နဲ့ ဥပဒေအရ အယူခံခွင့်ပေးခြင်းဆိုတဲ့ တရားစီရင်ရေးမူ ၈ ချက်ထဲက တချက်အဖြစ် ပါဝင်တယ်ဆိုတာကို တွေ့ရမှာပါ။

ဒါပေမဲ့ အခြေခံဥပဒေ မရှိတော့ပါဘူး။ အဲဒီအခြေခံဥပဒေကို အာဏာသိမ်းအစိုးရဖြစ်တဲ့ နဝတ က မလေးမစား ဖျက်သိမ်းလိုက်ပါပြီဆိုတဲ့အကြောင်းကို တရားသူကြီးချုပ်က ၁၉၉၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ သက်သေပြခဲ့ပါတယ်။

လွတ်လပ်စွာ တရားစီရင်ရေးအခြေခံမူ ပေကျင်းကြေညာချက် (Beijing Statement of Principles of the Independence of the Judiciary) ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အာရှ၊ ပစိဖိတ်နိုင်ငံ ၃၂ နိုင်ငံလုံး လက်မှတ်ရေးထိုးပွဲမှာ တရားသူကြီးချုပ် ဦးအောင်တိုး ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီလို လက်မှတ်ရေးထိုးပြီး နောက် ၃ နှစ်ကြာမှ ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ မရှိတော့ပါဘူးလို့ တရားသူကြီးချုပ်ကိုယ်တိုင် ဝန်ခံလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပုဒ်မ ၁ဝ၁ မှာပါဝင်တဲ့ တရားစီရင်ရေးမူ ၈ ချက်ကို ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေးမူ ၇ ချက်ဆိုပြီး ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ တချက်ပဲ ထုတ်ပယ်လိုက်ပြီး ကျန် ၇ ချက်အတိုင်း ပြန်လည်ပြဋ္ဌာန်းလိုက်ရတာက ရှိပြီးသားဆိုရင် ထပ်မံပြဋ္ဌာန်းစရာ မလိုပါဘူးပေါ့။

အဲဒီအခြေခံဥပဒေ အသက်မရှိတော့ဘူးဆိုတဲ့ ဥပဒေရေးရာ ပြဿနာနဲ့ အောက်ရုံး ခရိုင်တရားသူကြီးတွေရဲ့ အမိန့်ဟာ မှားယွင်းကြောင်း သက်သေပြရန်တာဝန် (Burden of proof) အရ သက်သေပြရခြင်း ဖြစ်ပါတယ်။

အကြောင်းခြင်းရာ ပြဿနာမှာလည်း ကျန်းမာရေးမကောင်းလို့ ညအိပ်ခွင့်တောင်းခဲ့သူ မစ္စတာဂျွန်ဝီလျံယက်တောဟာ မေလ ၅ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်က ပြန်လည်ထွက်ခွာသွားခဲ့တယ် ဆိုပေမယ့်၊ မေလ ၆ ရက်နေ့ မနက် ၅ နာရီ ၃ဝ မှာမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့ အရမ်းကိုဝေးတဲ့ ယခု အိုင်ဘီစီခေါ် (International Business Centre) ဘေး၊ ယခင် ကန်သာယာဆေးရုံရှေ့မှာ ၅ လီတာဝင် ရေသန့်ဘူး ၂ လုံးကိုပိုက်ပြီး ရေကူးနေတာကို ရဲဒုတပ်ကြပ်မျိုးလွင်က တွေ့ပြီး ကုန်းပေါ်ဆွဲတင်ခဲ့တယ်လို့ တရားလိုပြသက်သေ ရဲအုပ်သန်းနိုင်က ထွက်ဆိုခဲ့ပါတယ်။

အမှုအတွင်း အောက်ရုံးတရားသူကြီးတွေက မစ္စတာယက်တောကို အခင်းဖြစ်နေရာကို လိုက်လံပြသခိုင်းတုန်းက အဲဒီလို ၆ နာရီနီးပါးကြာအောင် ရေကူးခဲ့တာ ဟုတ်၊ မဟုတ် စမ်းသပ်ရေကူးခိုင်းခဲ့ခြင်းမျိုး မလုပ်ခဲ့ပါဘူး။

အင်းယားကန်ဆိုတာ ရေမှော်ဒိုက်တွေထူပိန်းနေတဲ့ ရေသေရေကန်တခုဖြစ်တာကြောင့် အဲဒီကန်ထဲမှာ ရေသန့်ဘူးပိုက်ပြီး ရေကူးမယ်ဆိုရင် ခွေးကူးသာကူးလို့ရမှာ ဖြစ်တယ်။ တကယ်လို့ ခွေးကူးသာကူးခဲ့ပါက ခြေထောက် ၂ ချောင်းမှာ ရေမှော်ဒိုက်တွေနဲ့ ငြိပြီး အလောင်းပါ ၃ ရက်လောက်ပျောက်နေတတ်တဲ့ ကန်ကြီးတခုပါ။

ဒါကြောင့် ရေကူးဝင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘဲ လမ်းလျှောက်ဝင်ခဲ့တယ်လို့ အငြင်းပွားစရာ ပြဿနာ ပေါ်ပေါက်နေပါတယ်။ လမ်းလျှောက်ဝင်ခဲ့တယ်ဆိုပါက လုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်း၊ ထောက်လှမ်းရေး ဝန်ထမ်းတွေမှာသာ တာဝန်ရှိရမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းခြင်းရာ ပြဿနာတွေကို ပိုင်ပိုင်နိုင်နိုင် တင်ပြခွင့်ဟာ အယူခံမှုမှာမှ တရားဝင် ပြောကြားခွင့် ရတာပါ။

အဆင့်ဆင့် အယူခံလျှောက်လွှာ တင်သွင်းနိုင်တဲ့ အခွင့်အရေးက အခု တိုင်းတရားရုံးအပြင် အောက်မြန်မာပြည် တရားရုံးချုပ် (ရန်ကုန်)နဲ့ တရားရုံးချုပ် (နေပြည်တော်)ထိ နောက်ထပ် အယူခံရုံး ၂ ရုံး ကျန်နေသေးပါတယ်။

ကမ္ဘာက စောင့်ကြည့်နေတဲ့ လူထုခေါင်းဆောင်တယောက်ရဲ့ အမှုဖြစ်တာကတကြောင်း၊ မြန်မြန်ဆန်ဆန်ပြီးအောင် စစ်ချင်တဲ့ စီမံချက်ဆိုတာတွေကြောင့်တကြောင်းမို့သာ ဒီလိုတရားရုံးချုပ်တက်လိုက်၊ အယူခံဝင်လိုက်ဆိုတာ ၄လ ကျော်အတွင်းမှာ ပြီးစီးသွားနိုင်တာပါ။ သာမန်အမှုတွေမှာဆိုရင် မြို့နယ်ရုံးကနေ ခရိုင်တရားရုံးလောက် ရောက်ဖို့တောင် အနည်းဆုံး တနှစ်ကျော်ကြာမယ့် အမှုမျိုးဖြစ်ပါတယ်။

အင်္ဂလိပ် ကိုလိုနီခေတ်က မြန်မာတွေ အမွေမှု (တရားမ) တွေ ဖြစ်ကြပြီဆိုရင် မြန်မာပြည်မှာရှိတဲ့ အမြင့်ဆုံးတရားရုံးတွေအထိ ကုန်အောင် အယူခံမှုတွေတင်တဲ့အပြင်၊ အင်္ဂလန်မှာရှိတဲ့ ပရီဗွီကောင်စီအထိပါ အယူခံဝင်လေ့ ရှိကြပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိုလည်း မိုးအဆုံး၊ မြေအဆုံး လိုက်ကြရမယ်။ တရားစီရင်ရေးစနစ်ကြီးက မမျှတဘူး၊ မကောင်းဘူးလို့ ပြောချင်ရင်၊ အဲဒီတရားစီရင်ရေး အဆင့်ဆင့်ကို အားလုံးဖြတ်ကျော်ခဲ့ပြီးကာမှ တရားစီရင်ရေးစနစ်ကြီးတခုလုံး မကောင်းဘူးလို့ ပြောနိုင်အောင် အားထုတ်ကြရပါမယ်။ ဒါမှ ကမ္ဘာက နအဖ စစ်အစိုးရ လက်အောက်က မြန်မာ့တရားရေးစနစ်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာကြမှာ ဖြစ်ပါတယ်။

နောက်ဆုံး အောက်ရုံးတရားသူကြီးတွေရဲ့ ပညာမပြည့်ဝမှုကြောင့် လက်လွန်ခြေလွန် ဖြစ်သွားရပါတယ်ဆိုခဲ့ရင်၊ အထက်တရားရုံးတော်တွေကလည်း ဘယ်လိုဘယ်ပုံရှိမလဲ။ အယူခံဝင်ပြီး စောင့်ကြည့်ကြပါစို့။ ။